ငါန်းဇွန်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု အလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုန်နယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ယမန်နေ့က မြို့မဇုန်မှ (၈၃)ဦး၊ ခြင်္သေ့လက်ဇုန်မှ (၅၆)ဦး၊ သားကျင်ဇုန်မှ (၆)၊ မြို့သာဇုန်မှ (၁၆၀)ဦးနှင့် ငါန်းမြာဇုန်မှ (၂၃)ဦး၊ ငါန်းဇွန်မြို့နယ်အတွင်း စုစုပေါင်းဇုန်(၅)ဇုန်မှ သတ်မှတ်ဦးစားပေး အုပ်စုအလိုက်(၃၂၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၃၀ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ မြို့နယ်အတွင်း ဇုန်(၅)ဇုန်မှ (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် (၁၆၂၀)ဉီး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။         

သက်နောင်ဦး(ငါန်းဇွန်)