ရေဖြူ စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းရောဂါ စတင်ဖြစ်ပွားသည့် ဇွန်လ ၂၉ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရသူ စုစုပေါင်း(၄၉၇)ဦးထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများအား ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက RDT (Rapid Test Kit) ဖြင့် စစ်ဆေးခြင်းမှ အတည်ပြုလူနာ(၆၀၆)ဦးရှိခဲ့ပြီး ရေဖြူပြည်သူ့ဆေးရုံ၊ မီးသတ်ဝန်ထမ်းအိမ်ရာ၊ မိုးလုံလေလုံ အားကစားခန်းမနှင့် ကံပေါက်တိုက်နယ် ဆေးရုံတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ ကုသရေး စင်တာများထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီဖြစ်၍ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်စေခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဇွန်လ ၂၉ရက်နေ့မှ ယနေ့ စက်တင်ဘာလ(၅)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာပေါင်း (၆၀၆) ဦးရှိပြီး ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံ ဆင်းခွင့်ရသူပေါင်း(၄၉၇)ဦး၊ ယနေ့အထိ ဆေးကုသမှုခံယူနေသူပေါင်း(၉၁)ဦး၊ သေဆုံးသူ(၁၈)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။