နောင်ချိုမြို့နယ်တွင် Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကံကြီးကျေးရွာ ဆရာလေးကျောင်းနှင့် လက်ပံကုန်း ဘုန်းတော်ကြီးကျောင်းများသို့ ကွင်းဆင်းစစ်ဆေးမှု များဆက်လက်ဆောင်ရွက်

နောင်ချို  စက်တင်ဘာ   ၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် Pilot Project  အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရပ်ကွက်ကျေးရွာအုပ်စုများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးပေးခြင်းများကို ဩဂုတ်လ (၂၇) ရက်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ယမန်နေ့က နောင်ချိုမြို့ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်များ၊ စေနာမွန်လူမှုကူညီရေးအသင်း၊ ဖြူစင်မေတ္တာလူမှုကူညီရေး အသင်းတို့ပူးပေါင်း၍ ကံကြီးကျေးရွာ ဆရာလေးကျောင်းနှင့် လက်ပံကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းများ၌ စုစုပေါင်း ၄၁ ပါးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းရေးအဖွဲ့များသည်  ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် စက်တင်ဘာလ ၅ ရက်နေ့ထိ အတည်ပြုလူနာ (၂၁၆၄)ဦး၊ သေဆုံးသူ (၃၃)ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၅၀၈)ဦး ၊ ကုသမှုခံယူနေဆဲ (၆၃၂)ဦး ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။                   

ထွေးငယ်(ပြန်/ဆက်)