လသာ စက်တင်ဘာ ၆
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှု စီမံခန့်ခွဲရေး ဌာနမှဒုဌာနမှူး ဒေါက်တာဒေါ်လှမေဦး ဦးဆောင်သောအဖွဲ့သည် မော်တော်ယာဉ်(၄)စီး ဖြင့်ယနေ့ နံနက် (၉) နာရီခွဲအချိန်က အခြေခံစားသောက် ကုန်များကိုစျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊
လသာမြို့နယ် အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလ လမ်းနှင့်လသာလမ်းထိပ် (ကျန့်တိတ်ဘုံကျောင်း) ရှေ့တွင် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူ များအား ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများကို ရောင်းချပေးခဲ့ကြောင်း၊ ထို့သို့ရောင်းချပေးခဲ့ရာတွင် စီပီကြက်(၁)ပိဿာ(၄၅၀ဝိ/)၊ (၁)ပိဿာ(၂၀)ကျပ်သား ဝန်းကျင်(၅၀၀ဝိ/-)၊ အသားသီးသန့်(၁)ပိဿာ(၅၀၀ဝိ/-) စျေးနှုန်းဖြင့်လည်းကောင်း၊ ဝက်သားသုံးထပ်သား (၁)ပိဿာ (၁၀၀၀ဝိ/-)၊ အသားသီးသန့်(၁)ပိဿာ(၁၂၀၀ဝိ/-)၊ ဝက်နံရိုး၊ ဝက်ခေါင်း၊ ကလီစာ(၁)ပိဿာ(၉၀၀ဝိ/-) စျေးနှုန်းဖြင့်လည်းကောင်း၊ အမဲသား (၁)ပိဿာ(၁၂၀၀ဝိ/-)၊ ဆိတ်သား(၁)ပိဿာ(၁၇၀၀ဝိ/-)စျေးနှုန်းဖြင့် လည်းကောင်း ရောင်းချခဲ့ကြောင်းနှင့် လာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)