တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကော့သောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်း ဘော်လံတီယာအဖွဲ့သို့ ထောက်ပံ့ငွေများပေးအပ်

ကော့သောင်း  စက်တင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့သို့ ယနေ့ရက်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှု ဖြစ်စဉ်တစ်လျှောက် နေရာမရွေး ပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှ ကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည်ကျန်းမာလာသူများအား ၎င်းတို့နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ရောဂါကြောင့် သေဆုံးသူများအား ပို့ဆောင်ကူညီ သဂြိုလ်ပေးခြင်းစသည့် လုပ်ငန်းများတွင် ရောဂါကူးစက်မှု မြှင့်တက်နေသည့်ကြားမှ တက်ကြွစွာ ကူညီဆောင်ရွက် ပေးလျက်ရှိသည့် ကော့သောင်းမြို့၊ ရွှေအဏ္ဏဝါ ပရဟိတစေတနာ့ဝန်ထမ်း ဘော်လံ တီယာ အဖွဲ့ဝင်များအား ထောက်ပံ့ငွေ ၉၆၀၀၀၀ ကျပ်နှင့်  ရောဂါထိန်းချုပ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် စက်သုံးဆီအတွက် ၁၆၂၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ဘော်လံတီယာအဖွဲ့ခေါင်းဆောင် ဦးဇော်မင်းဦးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ ဘော်လံတီယာအဖွဲ့မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ငွေကျပ် ၅ သိန်းအား ပြန်လည်ပေးအပ် လှူဒါန်းခဲ့သည်။

အဆိုပါ ပရဟိတ ဘော်လံတီယာအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကျန်းမာရေးကိစ္စများ၊ အရေးပေါ် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ လိုက်ပါကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ကျော်စိုး