အမရဌာနီ အနောက်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေး စက်တင်ဘာ ၆

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အမရဌာနီအနောက်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့ ညနေ၄နာရီက စတင်၍ အမရဌာနီ အနောက်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၂)လက်အောက်ရှိ အမရဌာနီ အနောက် ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူးကောင်းကြည်ဖြူထက်နှင့် တပ်ဖွဲ့ဝင်များက စုပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အဆိုပါရပ်ကွက် အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်ကာ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ခြင်ခိုအောင်နိုင်မည့် နေရာများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးကြသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုမူနေထိုင်ရေးတို့ကိုလည်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)