ငါ့သရောက် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အနီးဝန်းကျင်ကျေးရွာများတွင် (၆)လပင်ပြန့် မြေပဲများကို ယခုနှစ် မေလတွင် စတင်စိုက်ပျိုးခဲ့ကြရာ လက်ရှိတွင် မြေပဲခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသည့်အပြင် ဒေသတွင်း ယာလုပ်သား (လက်လုပ်/လက်စား)များ၊ ပဲခင်းများတွင် ပေါင်း/မြက်နုတ်သည့် အလုပ်ဖြင့် ဝင်ငွေရရှိနေကြကြောင်း သိရသည်။
“ ကျွန်တော်တို့ရွာမှာတော့ လုပ်ကွက်ငယ်တဲ့သူတွေ့နဲ့ ကိုယ်ပိုင်ယာမရှိတဲ့ (သူရင်းငှားလိုက်သူ)တွေ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အခုရက်ပိုင်းမှာ မြေပဲခင်းပေါင်းနုတ် အငှားလိုက်ကြတာနဲ့ နေ့စဉ်ဝင်ငွေရပြီး အစဉ်ပြေနေ ကြတာပါပဲ။ အလုပ်သမားတစ်ဦးကို တစ်နေကုန် လုပ်အားခ (၄၀၀၀)ကျပ်ရပါတယ်။တစ်အိမ်ထဲ(၃)ယောက်လောက် လိုက်နိုင်ရင် တစ်နေ့ ၁၂၀၀၀ ပေါ့ဗျာ။ မိုးဦးလေး ကောင်းလိုက်တာနဲ့ သီးနှံလေးတွေလည်းကောင်တယ်။ လူတွေလည်း တကယ်ခက်ခဲနေတဲ့ အချိန်မှာ ခုလိုတောင်ယာလုပ်ငန်းခွင်လေးရှိတော့ စားဖို့သောက်ဖို့တော့ အစဉ်ပြေကြတာပေါ့ဗျာ” ဟု ဆည်ကျေးရွာမှ ပေါင်းနုတ်လိုက် တောင်သူတစ်ဦးက ပြောသည်။
ငါ့သရောက်မြို့တွင် ဆီစက်လုပ်ငန်းရှင်များ ရှိသည့်အပြင် ပြည်ပဝယ်လိုအား မျှော်လင့်ချက်ဖြင့် မိုးဦးမြေပဲကို စိုက်ပျိုးကြခြင်းဖြစ်ပြီး (၄)လပင်ပြန့် မြေပဲကို ဇူလိုင်လတွင် စိုက်ပျိုးကြကြောင်းနှင့် ယခုနှစ် မိုးရာသီတွင် ငါ့သရောက်နယ်ရှိ တောင်သူများအနေဖြင့် (၆)လပင်ပြန့်ပဲ၊ (၄)လပင်ပြန့်ပဲနှင့် (၃)လပင်ထောင် ပဲများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။
အေးအေးမိုး(ငါ့သရောက်)