ရေဘေးရှောင်ပြည်သူများအား အဝတ်အထည်နှင့် အခြေခံစားသောက်ကုန်များဝေငှလှူဒါန်း

အမရပူရမြို့နယ်   စက်တင်ဘာ ၆

အမရပူရမြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြစ်ငယ်ဘက်ခြမ်း ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရေဘေးရှောင်ပြည်သူများအား အဝတ်အထည်နှင့် အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်များ ဝေငှလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရေဘေးရှောင်ပြည်သူများအား ဝေငှခဲ့သည်။

မြို့နယ်အတွင်း ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေတို့မှ နှစ်စဉ်ရေဝင်ရောက်မှုကြောင့် ကုန်းနိမ့်ပိုင်းများတွင်ရှိသော လူနေအိမ်များသည် ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိရာ ယင်းအိမ်ထောင်စုများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးညွန့်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြစ်ငယ်ဘက်ခြမ်းကြက်ခြေနီတပ်ဖွဲ့တာဝန်ခံ ဒေါ်သင်းသင်းအေးနှင့် တပ်ဖွဲ့ဝင်တို့က ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက် ရေဘေးရှောင်အိမ်ထောင်စု ၁၂၀ စု၊ အမရပူရမြို့နယ် စစ်ကိုင်းမြစ်ငယ်ဖြတ်လမ်း (ကျောက်စိမ်းစေတီအနီး) တွင် ရေဘေးရှောင် အိမ်ထောင်စု ၆၀ စုနှင့် စစ်ကိုင်းမန္တလေး ရွှေကြက်ယက် ရေဘေးရှောင် အိမ်ထောင်စု ၈၀ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၆၀ စုတို့ကို အဝတ်ထည်ထုပ် ၁၃၅ ထုပ်နှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် မားမားခေါက်ခွဲ၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ခဝဲသီး၊ ဂေါ်ရခါးသီး၊ သခွားသီး၊ မျှစ်၊ ငရုပ်သီးစိမ်း စသည်တို့ကိုဝေငှလှူဒါန်းခဲ့ကြသည်။

အမရပူရမြို့နယ် ပြန်/ဆက်