ဖလမ်း စက်တင်ဘာ ၅
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီက ဖလမ်းမြို့၊ သာသနာပြု ဗဟိုကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သာသနာပြု ဗဟိုဆရာတော်ဦးအရိယသံသ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ရွတ်ဖတ် သရဇ္စျာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက လှူဒါန်းရခြင်း အကြောင်းနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဖလမ်းမြို့နယ်အတွင်း ဝါဆို ဝါကပ် သီတင်းသုံးတော်မူသော ဆရာတော် သံဃာတော် (၄၅)ပါးနှင့် သီလရှင်(၇)ပါး စုစုပေါင်း(၅၂)ပါး တို့အား (၁)ပါးလျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းသော ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆားနှင့် ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုများဆက်ကပ် လှူဒါန်းခဲ့ ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)