ချင်းရွှေဟော် စက်တင်ဘာ ၅
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေး စခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၅)ဦးအား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာနမှ ချင်းရွှေဟော်နှစ်နိုင်ငံ နယ်စပ်တံတားပေါ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ယမန်နေ့ ညနေပိုင်းအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများက စိစစ်လက်ခံခဲ့ကြောင်းသိရသည်။
အဆိုပါ တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား နေရပ်ပြန် (၅)ဦးသည် စစ်ကိုင်း တိုင်း၊ ကလေးမြို့မှ (၂)ဦး၊ မကွေးတိုင်း၊ ပေါက်မြို့၊ မန္တလေးတိုင်း၊ တောင်သာမြို့နှင့် မြင်းခြံမြို့တို့မှ (၁)ဦးစီ ဖြစ် ပြီး ချင်းရွှေဟော်မြို့ အဆုတ်ရောင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီသို့ စောင့်ကြည့် စစ်ဆေးမှု ခံယူရန် အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre သို့ ပို့ဆောင်ပေးခဲ့ပြီး စားနပ်ရိက္ခာ ထောက်ပံ့မှု အစီအစဉ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကာ ဆေးဝါး ထောက်ပံ့မှုများအား ပြည်သူ့ဆေးရုံမှ ထောက်ပံ့လျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကုသရေးဦးစီးဌာနမှ သတ်မှတ်ရက်အတွင်း RDT Test Kit ဖြင့် ထပ်မံရယူစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ပြီး Negative ရလာဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
စည်သူမောင်မောင်