ကော့ထော်ကျေးရွာ ခဝိချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပြီး သံလွင်မြစ်ကမ်းထိန်း နံရံဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေး

ဘားအံ စက်တင်ဘာ ၅

 

ငါးသယံဇာပေါကြွယ်ဝ၍ ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု  ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရှင်သန်ပေါက်ပွားရန် အကောင်းဆုံးအရွယ်ဖြစ်သည့် (၂)လက်မ အောက်ခံ အရွယ် ငါးသားပေါက်များအား သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊အိုင် များတွင် ငါးမျိုးစိုက် ထည့်ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာ ခဝိချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေး ခဲ့ကြသည်။

 

 

ငါးမျိုးစိုက်ထည့်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ ကြပြီး(၂) လက်မအောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေ ၃၅၀၀၀(သုံးသောင်းငါးထောင်)ကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၁၁) ကရင်ပြည်နယ်ရုံးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၃၁၈ ဒသမ ၅ သန်းဖြင့် သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အလျား (၂၅၀)ပေရှိ ကမ်းထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုနှင့် ယခုတစ်လော မြစ်ရေမြှင့်တက်ပြီး ရေတိုက်စားမှုကြောင့် နံရံပြိုကျမှုနှင့် ယာယီရေထိန်းနံရံ တည်ဆောက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ ပွင့်ဖြူမြိုင်သာသနာ့ ဥယျာဉ် ကျောင်း၌ မြိုင်ကြီးငူ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဉာဏိက အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဒေသဖွံဖြိုး ရေးလုပ်ငန်းဆိုင်ရာများနှင့် သာသနာတော်ဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)