ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ်လူနာများ ကုသပေးနိုင်ရေးနှင့် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက် နှင့် စေတနာရှင်များ၏ စုပေါင်းငွေများဖြင့် တည်ဆောက်သည့် အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒလမြို့နယ်ရှိ ကိုဗစ်-၁၉ အရေးပေါ်လူနာများ ကုသနိုင်ရေးနှင့် အများပြည်သူများ အသုံးပြုရန်အတွက် တစ်နာရီလျှင် (၂၀၀)လီတာ ထုတ်လုပ်ပေးနိုင်သည့် အောက်ဆီဂျင်စက် နှင့် ဆက်စပ်ပစ္စည်းများ၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် ဆလင်ဒါအိုး ၅၀ လုံး တို့ကို အလှူရှင် တော်ဝင်ဒီပါကုမ္ပဏီ ကိုယ်စား ဦးငြိမ်းချမ်းအောင်(Project Director) မှ လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော် နှင့် အဖွဲ့ဝင် ဗိုလ်မှူးမင်းအောင်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးနှင့် လည်ပတ်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆွေဦး က စက်ရုံဖြစ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များ ကိုယ်စား ဦးအာကာဟိန်းစိုး အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့မိမြို့ဖများ ကိုယ်စား ဦးစံမြင့်ဦး က ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဒလမြို့နယ်ရှိ Oxygen Plan စက်မှာ တစ်နာရီလျှင် လီတာ ၄၀ ဆံ အောက်ဆီဂျင် ဆလင်ဒါအိုးပေါင်း ၅ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး၊ အောက်ဆီဂျင်ထုတ်စက်အား တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းမှုနှင့် စေတနာ ရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးလျက်ရှိရာ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ လူမှုကူညီရေးအဖွဲ့အစည်း များနှင့် ဒေသခံ ပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)