မဘိမ်း စက်တင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များနှင့် ဦးစားပေး အဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် တတိယ အသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အဆောက်အအုံသစ်တွင် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ အပူချိန် တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ပုံမှန်အခြေအနေဖြစ်မှသာ ကျန်းမာရေးဝန်ထမ်းများက အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်း နှင့် အဖွဲ့ဝင်များက ကြီးကြပ်ကြည့်ရှုခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)