ကမမောင်း စက်တင်ဘာ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ဆွေမြတ်မျိုးကြွယ်ပရိယတ္တိစာသင်တိုက်၌ ခေတ္တတိမ်းရှောင်ရောက်ရှိ နေသော နေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆွေမြတ်မျိုးကြွယ်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တခေမိက နှင့် စာချဆရာတော် ဥူးသီရိ တို့အား သွားရောက်ဖူးမျှော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဖါပွန်မြို့နှင့် ကမမောင်းမြို့ရှိ ကျေးရွာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ဆွေမြတ် မျိုးကြွယ်ပရိယတ္တိစာသင်တိုက် သီရိသုခဓမ္မာရုံသို့ ခေတ္တတိမ်းရှောင်ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး နေရပ်စွန့်ခွာ အိမ်ထောင်စု (၁၅၀) စုအတွက် ဆန်၊ ဆီ အစရှိသော အခြေခံစားသောက်ကုန်များ၊ ရေသန့်စင်ဆေးထုပ်များနှင့် လူသုံးကုန်ပစ္စည်း Family Kit များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးနေမှုအား ကြည့်ရှု့ အားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု့အားပေးကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကမမောင်းမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားကာ အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများအား ကုသရေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက်ပြီး လူနာများအား အားပေးစကားပြောကြားကာ ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ (၂)သိန်းကျပ်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသော လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၇၁)ဦးအတွက် ထောက်ပံ့ငွေကျပ် ၅၁၃၀၀၀၀ (ငါးဆယ်တစ်သိန်းသုံးသောင်းကျပ်)ကို မြို့အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများအား လူမှုရေးပင်စင် သုံးသောင်းကျပ်နှင့်အာဟာရဖြည့် စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကမမောင်းမြို့တွင် လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့် တပ်ဖွဲ့တို့အား ငါးခြောက်၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တကုသလအား ဖူမျှော်ကြည်ညိုပြီး ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံစက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အခြေခံသူနာပြုနှင့် ရှေးဦးသုနာပြုစုခြင်း သင်တန်းနှင့် ကျောင်းသားများမှ ဖယောင်းတိုင်ထုတ်လုပ်နေမှု တို့ကို ကြည့်ရှု အားပေးခဲ့ပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် ဂုဏ်ပြုထောက်ပံငွေများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)