ပုဇွန် တောင်မြို့နယ်၊ (အ-လ-က၃)ကျောင်းတွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၅

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် မကျန်ရှိရအောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဒုတိယ အကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ-လ-က(၃)ကျောင်း၌ ယမန်နေ့နံနက် ၉နာရီမှစတင်၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ပုဇွန်တောင်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလိူင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ဘိုးဘွားများ အဆင်ပြေချောမွေ့စွာ ကာကွယ် ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြတ်သီရိခိုင်(ပြန်/ဆက်)