ပလောက် စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ခန္တီကျေးရွာအုပ်စုတွင် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ခန္တီကျေးရွာ ၊ ရွာဦးကျောင်း၊ ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်နေရာသို့ မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ပလောက်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နှင်းမြူလွင်