ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကွင်းဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင် သဏ္ဍာန်ဖြင့် ရပ်ကွက်များအတွင်းRTDဖြင့် ဆက်လက် ကွင်းဆင်းစစ်ဆေး

ကော့သောင်း စက်တင်ဘာ ၅

 

ကော့သောင်းမြို့တွင်  ရောဂါပိုးတွေ့ရှိမှုများပြားသည့် ရပ်ကွက်များအတွင်း ကိုဗစ်၁၉ရောဂါ ကွင်းဆက် ဖြတ်တောက်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင်သဏ္ဍာန်ဖြင့် ရပ်ကွက်များအတွင်း RTD ဖြင့်လိုက်လံ စစ်ဆေးဖေါ် ထုတ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ အေးရိပ်ငြိမ် ရပ်ကွက်၊ ပုလဲလမ်းတွင် လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား ရှောင်တခင်ကွင်း ဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

 

စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့၊ ပရဟိတဘော်လံတီယာအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၏ အကူအညီဖြင့် ကော့သောင်းမြို့တွင် ရောဂါပိုးတွေ့ရှိမှုများပြားရာရပ်ကွက်တစ်ခုဖြစ်သည့်  အေးရိပ် ရပ်ကွက် အဓိကလမ်းမကြီးပေါ်တွင် လမ်းထွက်သွားလာနေကြသည့် မော်တော်ဆိုင်ကယ်၊ မော်တော်ကား များအား ရပ်တန့်စေပြီး Antigen repid test kit (RTD) ဖြင့် အခမဲ့စစ်ဆေး ပေးခြင်းဖြစ်ကြောင်းသိရသည်။

 

“အဓိကအားဖြင့် ရပ်ကွက်များထဲ ရောဂါလက္ခဏာမပြဘဲ သာမန်လူများကဲ့သို့သွားလာလှုပ်ရှားလျှက် ရောဂါကူးစက်ပြန့်ပွားကို ဆက်လက်ဖြစ်ပေါ်စေနိုင်သဖြင့် ကိုဗစ်၁၉ရောဂါပိုးရှိနေသူ တွေကို ဖေါ်ထုတ်ကာ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကိုဖြတ်တောက် ထိန်းချုပ်နိုင် ရန်ရည်ရွယ်ကြောင်း၊ ရောဂါထိန်းချုပ်နိုင်သည့် အချိန်အတိုင်းအတာတစ်ခုအထိ လိုက်လံစစ်ဆေးရန်အစီအစဉ်ရှိကြောင်း ကော့သောင်းခရိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

 

 

ယနေ့ကွင်းဆင်းစစ်ဆေးမှုတွင် အဆိုပါရပ်ကွက်အတွင်း လမ်းထွက် သွားလာ နေကြသည့် မြို့နေပြည်သူ(၁၅၀)ဦးအား ရှောင်တခင်စစ်ဆေးနိုင်ခဲ့ရာ ရောဂါပိုးတွေ့ရှိသူ (၁၀)ဦး ထပ်မံပေါ် ထွက်ခဲ့ကြောင်း၊ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများအား ပေါ့စတစ်စင်တာ ယာယီဆေးရုံသို့ပို့ဆောင် Quarantine ထားရှိကာ ဆေးကုသမှုဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ကျော်စိုး(ကော့သောင်း)