ရွှေပြည်သာမြို့နယ်တွင် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံမည့်သူများအား အုပ်စု(၃)စုခွဲ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရွှေပြည်သာ စက်တင်ဘာ ၅

ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့နံနက်(၉)နာရီမှ (၁၁)နာရီထိ အမှတ်(၂၁)ရပ်ကွက်နှင့် (၂၂)ရပ်ကွက်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား အ.မ.က(လိန်ကုန်း) ကျောင်းတွင်လည်းကောင်း၊ မွန်းလွဲ(၁၂)နာရီမှ ညနေ(၄)နာရီထိ အမှတ်(၁၉) ရပ်ကွက်နှင့် (၂၀)ရပ်ကွက်ရှိ ကာကွယ်ဆေး ထိုးနှံမည့်သူများအား အ.ထ.က(၇)ကျောင်းတွင်လည်းကောင်း၊ နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီထိ အမှတ်(၂)ရပ်ကွက်နှင့် (၃)ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးနှံမည့်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဆေးရုံတွင်လည်းကောင်း အုပ်စု(၃)စုခွဲ၍ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရွှေပြည်သာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း ဦးဆောင်သည့် သူနာပြုဆရာမများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ထိုးနှံပေးခြင်းဖြစ်ပြီး ဩဂုတ်လ (၈) ရက်က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာ၌ အမှတ်(၂၁)ရပ်ကွက်နှင့် (၂၂)ရပ်ကွက်တို့တွင် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း (၇၀)ဦး၊ အမှတ်(၁၉)ရပ်ကွက်နှင့် (၂၀)ရပ်ကွက်တို့တွင် (၃၀၀)ဦးနှင့် အမှတ်(၂)ရပ်ကွက်နှင့် (၃)ရပ်ကွက်တို့တွင် (၁၈) ဦး လာရောက်ထိုးနှံကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများအား QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သန္တာ(ပြန်/ဆက်)