ဇမ္ဗူသီရိ၊ စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ပုံမှန် အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး ဆေးထိုးနှံပြီး သူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုးနှံပေးသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ်ဖြစ်သည့် (Sinopharm) အမျိုးအစား ဖြစ်ကာ ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ပထမအကြိမ် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ကာကွယ် ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ဩဂုတ်လ ၂၉ ရက်နေ့မှ ယနေ့အထိ စုစုပေါင်း ၂၈၇၀ ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကာ ယခင်ဩဂုတ်လ ၁၀ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ထိုးနှံပေးပြီး သူများအား စက်တင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)