ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၉၁၃)ဦးထိရှိ

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို သြဂုတ်လ(၂၉) ရက်နေ့စတင်၍ မြို့နယ်အတွင်း ဦးစားပေးစုရပ်နေရာ(၈)ခုတို့တွင် ကာကွယ်ဆေးကိုထိုးနှံပေးလျက် ရှိရာ စက်တင်ဘာလ(၄)ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့သူ (၂၉၁၃)ဦးထိရှိကြောင်း သိရသည်။

ထန်တပင်မြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံရာတွင်လည်း သက်ဆိုင်ရာ ဦးစားပေးအုပ်စုများအလိုက် စုရပ်များခွဲ၍ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ (၂၉)ရက် နေ့နှင့် သြဂုတ်လ(၃၁)ရက်နေ့တို့တွင် ထန်းတပင်မြို့မ အားကစားကွင်းစုရပ်၊ သြဂုတ်လ (၃၀)ရက်နေ့တွင် အ.ထ.က(ဘောလည်)ကျောင်းစုရပ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် တက်သစ် တိုက်နယ်ဆေးရုံ စုရပ်နှင့် အ.ထ.က(ကျူတော)စုရပ်၊ စက်တင်ဘာလ(၂)ရက်နေ့တွင် လှည်းဆိပ် တိုက်နယ်ဆေးရုံစုရပ်နှင့် အ.ထ.က(ခွဲ)အုတ်ဖိုကျောင်းစုရပ်နှင့် စက်တင်ဘာလ(၃)ရက်နေ့တွင် ဒိတ်ကုန်း-ပေါက်တန်းကျေးရွာ  ဘုန်းတော်ကြီးကျောင်းစုရပ်နှင့် စက်တင်ဘာလ(၄)ရက်နေ့တွင် နဲသမိန်တိုက်နယ် ဆေးရုံစုရပ်တို့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးခဲ့ပြီး အဆိုပါစုရပ်နေရာ (၈)နေရာတို့တွင် ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြသည့် သံဃာတော်အရှင်သူမြတ်(၁၈၇)ပါး၊ နိုင်ငံ့ ဝန်ထမ်း(၂၃၈)ဦးနှင့် ၎င်းတို့၏ မိသားစုဝင်(၅၆၇)ဦး၊ စေတနာ့ဝန်ထမ်း(၄၁၃)ဦး၊ အသက်(၆၅)နှစ် အထက် အဘိုးအဘွား (၁၄၇၈)ဦးနှင့်စျေးသူ၊ စျေးသား(၃၀)ဦး စုစုပေါင်း(၂၉၁၃)ဦးတို့ ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်းနှင့် ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရပြီး စုရပ်များတွင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကိုလည်း  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က ကြည့်ရှုအားပေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)