ချောင်းခြားစု(တောင်) ကျေးရွာပြည်သူများ သွားလာမှုနှင့် ကုန်ထုတ်လုပ်ငန်း အဆင်ပြေစေရန် (VDP)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကွန်ကရစ်ရေကျော် တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကျောက်ပန်းတောင်း စက်တင်ဘာ ၅

 

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး ရေးစီးမံကိန်း (Village Development Plan)အစီအစဉ်အရ၊ ဟင်းခွက်အိုင်ကျေးရွာအုပ်စု၊ ချောင်းခြားစု(တောင်)ကျေးရွာနေ ပြည်သူများ သွားလာမှု လွယ်ကူစေရန်နှင့် ကုန်ထုတ်လုပ်မှု လျှင်မြန်လွယ်ကူစေရန်အတွက်၊ ကျေးရွာလူထု ပူးပေါင်းပါဝင်မှု ဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်ရေကျော် တည်ဆောက်မှုလုပ်ငန်းပြီးစီးမှုအခြေအနေအား၊ ယမန်နေ့ မွန်းတည့် (၁၂)နာရီက မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ၂၀၂၁-၂၀၂၁ ခု၊ ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူ ပူးပေါင်းထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်ကျော်လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ရာ၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ကျေးရွာရှိ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကွန်ကရစ်ရေကျော် ရေရှည်တည်တံ့ခိုင်မြဲရေး အထူးအလေးထား ထိန်းသိမ်း စောင့်ရှောက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ “ကျွန်တော်တို့ဌာနက ဆောင်ရွက်နေတဲ့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Development Plan) ရဲ့အကျိုးကျေးဇူးကတော့  ကျေးရွာတွေရဲ့  လက်ရှိအခြေအနေမှာ ရှိနေတဲ့ အချက်အလက်တွေကို ကျေးရွာသူ/ရွာသားများကိုယ်တိုင်ပြုစုပြီး၊ ကျေးရွာရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို ဖော်ထုတ်စေပြီး စီမံကိန်းရေးဆွဲ ဆောင်ရွက်တတ်စေခြင်း၊ ကျေးရွာပြည်သူလူထုရဲ့ အများသဘောတူညီချက်နဲ့  ဖွဲ့စည်းထားတဲ့ ကော်မတီ ဦးဆောင်မှုနဲ့  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင် အကောင်အထည်ဖော် ဆောင်ရွက် တတ်လာစေခြင်း၊ နိုင်ငံတော် စီမံကိန်း တွေမှာ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုမြင့်မားလာခြင်း၊  လုပ်ငန်းတွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ဆောင် ရွက်တတ်လာခြင်း၊ ကျေးရွာရဲ့ အချက်အလက် စာရင်းဇယားတွေကို ထိန်းသိမ်းတတ်လာခြင်း၊ အစိုးရ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ် လာခြင်း ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိလာကြစေမှာဖြစ်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောကြားခဲ့သည်။

 

အဆိုပါ ကွန်ကရစ်ရေကျော်အား နိုင်ငံတော် ထောက်ပံ့ငွေ (၁၀)သန်း၊ ကျေးရွာပြည်သူမှ ပူးပေါင်းထည့်ဝင်ငွေ (၃) သန်း၊ စုစုပေါင်း(၁၃)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ရေကျော် လုပ်ငန်းမှာ အရှည် ၁၀၀ ပေ၊ အကျယ် ၁၆ ပေနှင့် ကွန်က ရစ်ထုမှာ ၂ ပေ ၆ လက်မ ဖြစ်ကြောင်းသိရပြီး၊ စီမံကိန်းလုပ်ငန်း အားလုံးပြီးစီးပြီးဖြစ်၍  ချောင်းခြားစု (တောင်) ကျေးရွာနေ ပြည်သူများ မိုးရာသီကာလ သွားလာမှုအဆင်ပြေစေမည့်အပြင်၊ စိုက်ပျိုးရေးထုတ်ကုန်များ လည်း လျှင်မြန်လွယ်ကူစွာ သယ် ယူ ရောင်းချနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)