ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ

ဥတ္တရသီရိ စက်တင်ဘာ ၅

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

ထို့သို့ဖြန့်ဝေရာတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ဥတ္တရသီရိမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရေးစင်တာတွင် လာရောက် ဆေးထိုးနှံ ကြသည့်ပြည်သူများ ထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်းရှိ  လူစည်ကားရာ နေရာများ၊ ဈေးနှင့် ကိုဗစ်-၁၉ရောဂါစစ်ဆေးသည့် နေရာများတွင် ရောဂါအသိပညာပေး ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဝန်ထမ်းနေအိမ်အခန်းများ၊ အဆောင်များတွင် လိုက်နာရန်နှင့် အချင်းချင်း အသိပေး/ သတိပေးပြောကြားရမည့်အချက်များ ပါဝင်ပြီး နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြစ်ကြောင်းသိရသည်။

 

အောင်ကို(ပြန်/ဆက်)