တနင်္သာရီ စက်တင်ဘာလ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့မှ အလှူရှင်မိသားစုများမှ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု-သာရဘွင်ကျေးရွာအတွင်းရှိ လက်လုပ်လက်စားအခြေခံလူတန်းစား အိမ်ထောင်စု(၂၂၀)စုအတွက် လက်ရှိဖြစ်ပွားနေသောကို ဗစ်ရောဂါကာလအတွင်း ထိုက်သင့်သမျှသော စားဝတ်နေရေးဆင်ပြေစေရန် ရည်ရွယ်လျက် ဆန်နှင့်စားရိက္ခာများကို ပေးပို့လှူဒါန်းရာ ယနေ့ နံနက် ၇ နာရီ အချိန်မှစပြီး အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်၍ ထောက်ပံ့ လှူဒါန်းပေးကြောင်း သိရှိရသည်။
မြိတ်မြို့မှ ဦးဖိုးစိန်း+ဒေါ်မေလေး(ဖိုးလမင်း)မိသားစုနှင့်(ကိုတီတီ)+မနုနုကြည် သမီးမဖူးဖူး ၊ မပီးပီး မိသားစုတို့ပူးပေါင်းလျက် သာရဘွင်ကျေးရွာရှိ လက်လုပ်လက်စား အခြေခံ လူတန်းစားများ အိမ်ထောင်စုပေါင်း(၂၂၀)အတွက် တန်ဖိုးငွေ(၄၂သိန်း၅၀၀၀၀)ကျပ်နှင့် ညီမျှသော ဆန်နှင့်စားရိက္ခာများ ပေးပို့လှူဒါန်းရာ သာရဘွင်ကျေးရွာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးလှအင်၊ဦးဌေးလွင်နှင့် ဦးတင်အောင်တို့ကြီးကြပ်လျက် ဦးမင်းဦးနှင့်ဦးတင်ညိုတို့ ဦးဆောင်သော သာရဘွင်ကျေးရွာ ပရဟိတလူငယ်များအဖွဲ့မှအင်အား(၃၀)ဦးခန့်တို့က အိမ်ထောင် စုတစ်စုအတွက် (၂၀)ကီလို ဆန်(တစ်)အိတ်၊ ဆီတစ်ဘူး၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲ၊ မာမားနှင့် မုန့်တီခြောက်၊ ကော်ဖီမိတ် စသည့်စားရိက္ခာပစ္စည်းများပါသော အထုပ်တစ်ထုပ်စီကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ နေအိမ်အရှေ့ရောက် လိုက်လံပို့ဆောင်ပေးကြရာ အခြေခံလူတန်းစားမိသားစုများက ဝမ်းသာကျေးဇူး တင်လျက်ရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)