ရွှေကူမြို့နယ်၌ တည်ဆောက်နေသည့် ဆောက်ဆီဂျင်စက်ရုံမှ ဆောက်ဆီဂျင်များ စတင်ထုတ်လုပ်လုပ်၍ အောက်ဆီဂျင် လိုအပ်လျက်ရှိသော ပြည်သူများသို့ ဖြန့်ဝေပေးနိုင်

ရွှေကူ   စက်တင်ဘာ  ၄

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်၌ တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ စတင်ထုတ်လုပ်၍ မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ဒေသခံ ပြည်သူလူနာများထံသို့ ယမန်ရက်နေ့ စတင်ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့် အရေးပေါ် လူနာများအတွက် အသုံးပြုနိုင်ရေး၊ မြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စေတနာရှင် ရဟန်းရှင်လူပြည်သူများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်များ များ၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၁၆၉၀)၊ ကချင်ပြည်နယ်အစိုးရမှ လှူဒါန်းငွေ ကျပ်သိန်း (၁၀၀)တို့ဖြင့် ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံဝင်း မြေနေရာ၌ မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှု၊ မြို့နယ်အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီ၏ ဦးစီးဆောင်ရွက်မှုဖြင့်  ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့မှ စက်ရုံထားရှိရန် အဆောက်အဦးအား စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံအဆောက်အဦး တည်ဆောက်မှု တန်ဖိုး ကျပ်သိန်း (၁၈၀)ခန့် ကုန်ကျခဲ့ကြောင်း၊ အောက်ဆီဂျင် စက်အမျိုးအစားမှာ BOLY – BL 0080 (တရုတ်နိုင်ငံထုတ်)ဖြစ်၍ စက်တန်ဖိုးမှာ ကျပ်သိန်း(၉၈၀) ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အောက်ဆီဂျင်စက် BOLY –BL 0080 အား တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ လကုန်ပိုင်းအတွင်းက ရွှေကူမြို့နယ်သို့ ရောက်ရှိပြီး လုပ်ငန်းစတင်ဆောင်ရွက်ကာ စက်တင်ဘာလ (၂) ရက်နေ့တွင် စတင်စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး ယမန်ရက်နေ့ နံနက်ပိုင်းမှစတင် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်ထုတ်လုပ်မှု ပမာဏအားဖြင့် တစ်နာရီလျှင် (၁၈၀) လီတာနှုန်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သော အောက်ဆီဂျင်များကို ပြည်သူ့ဆေးရုံအတွင်း ဆေးကုသမှုခံယူလျက်ရှိသော လူနာများနှင့် မြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ အောက်ဆီဂျင်လိုအပ်လျက်ရှိသော လူနာများထံသို့ အောက်ဆီဂျင်အိုး (၄၀) လီတာဆန့် အိုးပေါင်း(၂၅၀)ဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်သောကြောင့် မြို့နယ်အတွင်း အောက်ဆီဂျင် လုံလောက်စွာ သုံးစွဲသွားနိုင်မည့်အပြင် အောက်ဆီဂျင် လိုအပ်မှုကို ကောင်းစွာဖြည့်ဆည်း ကျော်ဖြတ်သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။