ဒက္ခိဏသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ဒက္ခိဏသီရိ စက်တင်ဘာ ၄

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက် သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာတင်မြထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိအသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ စုစုပေါင်း လူဦးရေ(၂၁၀) ဦးကို ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး စက်တင်ဘာ(၇) ရက်နေ့ နှင့်(၈)ရက်နေ့တို့တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)