ကျိုင်းတုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် “ပန်းခင်း” စီမံချက် အသိပညာပေး billboard ကို ယနေ့ နံနက် ၉ နာရီက ပိန်းဆန်း ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမနှင့် ဆရာစံလမ်းထောင့်၌ စိုက်ထူကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မောင်မောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေ၊ စည်ပင် အမှုဆောင်အရာရှိ ဦးစိန်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် မြို့မိမြို့ဖ ဦးနန်ကန္ထ တို့က ပန်းခင်းစီမံချက် အသိပညာပေး billboard ကို စိုက်ထူခဲ့ကြပြီး မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ စွမ်တောင်းကျောင်း ဆရာတော်ဘဒ္ဒန္တကောသလ္လ နှင့် သံဃာတော်များက ပန်းခင်းစီမံချက် အသိပညာပေး billboardကို အန္တရာယ်ကင်း အမွေးနံသာရည်များ ပတ်ဖြန်းပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များ၊ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် (၄)ရပ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ် များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်