မြစ်သားမြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

မြစ်သား စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ  မသန်စွမ်းသူများအား နိုင်ငံတော်မှ တစ်ဦးလျှင်ငွေကျပ် သုံးသောင်းနှုန်းထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့  ထပ်ဆင့် ပေးအပ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများအား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ  မသန်စွမ်းသူများ လက်ဝယ်အရောက် ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးအပ်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ပြီး မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၇၉)အုပ်စုမှ မသန်စွမ်းသူ (၈၀၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၄၁၅၀၀၀၀/-) (နှစ်ရာလေးဆယ့်တစ်သိန်းငါးသောင်းတိတိ)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထပ်ဆင့်ထောက်ပံ့ပေး အပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်​ရေးမှူးများက မသန်စွမ်းသူများ၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။