မိုင်းဖြတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ သံဃာတော်များ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) (ဒုတိယ)အကြိမ် ဒုတိယအသုတ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်မှစ၍ စုရပ်သုံးနေရာတို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနေကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်Coronavirus Disease 2019(COVID)-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများကို ကိုယ်ပူချိန်များ တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးပေါင်ချိန်ပုံမှန် အခြေအနေသို့ ရောက်မှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မှတ်တမ်းစနစ်တကျ ရေးသွင်းခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေး ဝန်ထမ်းများက အသက်(၆၅)နှစ်အထက် ပြည်သူများ၊ သံဃာတော်များ၊ စေတနာ့ ဝန်ထမ်းများ၊ ဦးစားပေးအစီစဉ်တွင် ပါဝင်သူများကို (အခမဲ့)ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) (ဒုတိယ)အကြိမ် ဒုတိယအသုတ် ထိုးနှံပေးရာတွင် ကာကွယ်ဆေးအလုံးရေ (၂၅၄)လုံးရရှိထားပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်းဖြင့် (၅၀၈)ဦးကို ဆေးထိုးစုရပ်နေရာများဖြစ်သည့် အထက(မိုင်းဖြတ်)၊ ပါဆန်းကျေးလက် ကျန်းမာရေး ဌာန၊ ဆိုက်ခေါင် ကျန်းမာရေးဌာနခွဲတို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး