ဟားခါး သြဂုတ် ၁၄
ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP) လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်ထောင်စု(၁)စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်က ထပ်မံထောက်ပံ့ပေးအပ်လျက်ရှိရာ ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဦးရေ စုစုပေါင်း ၂၇၀၂ အိမ်ထောင်စုအတွက် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုများအထိသွားရောက်၍ အိမ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယမန်နေ့မှစ၍ ကွင်းဆင်းကာ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
"ဟားခါးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်အပါအဝင် ကျေးရွာများအထိ ကွင်းဆင်းကာ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တွေကို အစုအဖွဲ့များခွဲကာ တာဝန်ပေးအပ်ထားပါတယ်။ အိမ်အထိသွားပြီး လက်ဝယ်အရောက်ပေး အပ်သွားမှာဖြစ်ပါတယ်။ မြို့နဲ့အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကျေးရွာတွေအထိ ခုလိုဆောင်ရွက်ရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ ရပ်မိရပ်ဖများကို အထူးကျေးဇူးတင်ရှိသလို ထောက်ပံ့ငွေပေးတဲ့ နိုင်ငံတော်အစိုးရရဲ့ စေတနာကိုလည်း ကျေးရွာများက မိသားစုဝင် တွေကိုယ်စား ကျေးဇူးတင်ဝမ်းမြောက် ရပါတယ်" ဟု ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။
ဟားခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP) လုပ်ငန်းစဉ်အရ ပထမအကြိမ် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း(၂၇၀၂)စုကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယအကြိမ်၌လည်း အိမ်ထောင်စုဝင် စုစုပေါင်း(၂၇၀၂)ကို တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်း ထပ်မံထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)