လိပ်သို စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ရေမြေအဆင်ပြေသော ဥယျာဉ်ခြံများ၌ စိုက်ပျိုးထားသည့် ကွမ်းသီးပင်များ ဆွတ်ခူးချိန်တွင် ပုံမှန်၀င်ငွေရရှိကြောင်း ခြံပိုင်ရှင် များထံမှ သိရသည်။
ကွမ်းသီးပင်သည် ရေနှင့်အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး စွတ်စိုစိမ့်အေးသော နေရာတို့တွင် အပင်ဖြစ်ထွန်းသဖြင့် လိပ်သိုမြို့၌ စိမ့်စမ်းရေရရှိ၍ အရိပ်ကောင်းသော ဥယျာဉ်ခြံမြေများ၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ ကွမ်းသီးပင်တစ်ပင်လျှင် ပန်းခိုင်သုံးခိုင် ထွက်ရှိပြီး အချို့အပင်တွင် ပန်းခိုင်နှစ်ခိုင်သာထွက်ကာ မိုးကောင်း၍ ရေရပါက သီးအား ပိုကောင်းသည်။
လိပ်သိုဒေသတွင် စိုက်ပျိုးထားရှိသော ကွမ်းပင်များမှာ ယခင်က သုံးပြန်မှ လေးပြန်အထိ ဆွတ်ခူးခဲ့ရသော်လည်း ယခုနှစ်တွင် ရာသီဥတုပူပြင်းမှုကြောင့် နှစ်ပြန်မှ သုံးပြန်အထိသာ ဆွတ်ခူးကြရပြီး ကိုဗစ်-၁၉ ကာလ ၀ယ်လက်များ ပုံမှန်မရှိ၍ လက်လီ ရောင်း၀ယ်လျက်ရှိကြောင်း သိရသည်။
“ယခုဆိုရင် လိပ်သိုဒေသထွက်ကွမ်းသီးကို အဓိက စိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးလာကြတဲ့အတွက် ကွမ်းသီးအစို တစ်ပိဿာကို (၂၅၀ဝိ/-)ကျပ်၊ ကွမ်းသီးအခြောက် (အဖြူ) တစ်ပိဿာကို (၇၀၀ဝိ/-) ကျပ်၊ အနီ (ရွေး) အခြောက်တစ်ပိဿာကို (၈၀၀ဝိ/-) နဲ့ ရောင်းရတယ်။ ဒေသထွက်ကွမ်းသီးကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ကို တင်ပို့ရောင်းချရတယ်။ ဒေသခံတွေ ကွမ်းယာ စားသုံးမှုနှင့်အတူ ကွမ်းသီးစျေးကွက် ပုံမှန်ရရှိတဲ့အတွက် ခြံပိုင်ရှင်အတွက်တော့ ကွမ်းသီးဆွတ်ခူးချိန် ပုံမှန်၀င်ငွေရရှိပါတယ် ” ဟု ကွမ်းသီးစိုက်ပျိုးထားသူ ခြံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
နွယ်နွယ်ခိုင်