မိုးနဲမြို့နယ်တွင် သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မိုးနဲ   စက်တင်ဘာ   ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲ မြို့နယ် ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ သံဃာတော်များ၊  အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်း မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက လာရောက်ကူညီ ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး.မထိုးပေးမီ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကတ်များကို သံဃာတော်များအား ဆက်ကပ်ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (sinopharm)  ထိုးနှံပေးနေမှုအား မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှင့် စာရေးများက ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

                                                                                                    

မျိုးညွန့်ရွှေ