သီပေါမြို့နယ်တွင် အသက်(၁၈)နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး

သီပေါ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့တော်ခန်းမ စုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ပေးထိုးနှံပေးရာတွင် သီပေါမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာမျိုးအောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ လက်သန့် ဆေးရည်ဖြင့် လက်သန့်စင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊  ကာကွယ်ဆေး ထိုးနှံပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီး ကာကွယ် ဆေးထိုး နှံပြီးသူများအား ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှတ်တမ်းကတ်ပြားနှင့် ဆေးဝါးများ ပေးအပ် ခဲ့ကြသည်။

ယနေ့ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဆေးတစ်လုံးလျှင် လူတစ်ဦးနှုန်းဖြင့် လူဦးရေ (၄၀၀)ဦး ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံသည့် နေရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး