မိုင်းခုတ်မြို့၌ ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ ၃၀၀ ဦး ထိုးနှံထားရှိပြီးဖြစ်

မိုင်းခုတ် စက်တင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVIDSHIELD)ကို နှစ်ကြိမ်နှင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို နှစ်ကြိမ် စုစုပေါင်းလေးကြိမ် ထိုးနှံပေးထားပြီး လူဦးရေ (၃၀၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ပထမဆုံးအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVIDSHIELD ကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပထမအကြိမ်နှင့် ဒုတိယအကြိမ် စတင်ထိုးနှံပေးခဲ့ပြီး ဆေးခွဲတမ်းများအရ စုစုပေါင်းလူဦးရေ(၁၇၀)ဦးအား ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ဩဂုတ်လ ရက်နေ့က ပထမအကြိမ် ထိုးနှံပေးခဲ့၍ ဒုတိယအကြိမ်ကို လေးပတ်အကြာ ဩဂုတ်လ ၂၉ ရက် နေ့ကလည်းကောင်း လူဦးရေ ၁၃၀ ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ရာ မိုင်းခုတ်မြို့အနေဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးခွဲတမ်းနှစ်သုတ်၌ စုစုပေါင်းလေးကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး မြို့နေလူဦးရေ စုစုပေါင်း(၃၀၀)ဦးအား ထိုးနှံပေး နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ၌ မြို့တိုက်နယ်ဆေးရုံတွင် စုရပ်ထားပြီး ကျန်းမာရေးဝန်ထမ်းများ၊ စစ်ဘက်ဆိုင်ရာ ဆရာဝန်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း၍ ပထမဦးစားပေးအဖြစ် အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ ဒုတိယဦးစားပေးအဖြစ် နိုင်ငံ့ဝန်ထမ်းများအား ထိုးနှံပေးခဲ့ပြီး ဦးစားပေးအလိုက် အဆင့်ဆင့် ထိုးနှံပေးခဲ့ကာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ဆက်လက် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အလှည့်ကျရရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့် ခံယူသင့်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ပန်ကြားထားကြောင်း သိရသည်။

 

အားချာ