ဆွမ်ပရာဘွမ် စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မိခင်နှင့်ကလေးကျန်းမာရေးဌာန) တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ပေါ်၃ရပ်ကွက်ရှိ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော မိဘပြည်သူသက်ကြီး ဘိုးဘွားများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အသက်၁၈နှစ်ပြည့်ပြီးသူများ၊ နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ရာ မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ Maskကို စနစ်တကျ တပ်ဆင်စေခြင်း၊ နာမည်စာရင်းရေးသွင်းမှတ်သားခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးရန်းနေရာများ စနစ်တကျသတ်မှတ်ပေးခြင်းဖြင့်" လူနာများကို နွေးထွေးစွာ ဆက်ဆံပါ" ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ လာရောက်ထိုးနှံကြသော မိဘပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက လက်ခံ ထိုးနှံပေးလျက်ရှိရာ ဆေးထိုးပြီး နာရီဝက်ခန့် အနားယူစောင့်ဆိုင်းစေကာ ပုံမှန်အနေအထား ပြန်ရောက်မှသာ သွားခွင့်ပြုမည် ဖြစ်ပြီး စက်တင်ဘာ(၂)ရက်နေ့မှ စက်တင်ဘာ(၁၀)ရက် အထိနေ့စဉ် နံနက်၉နာရီမှနေ့လယ် ၁၂နာရီအတွင်း ထိုးပေးမည်ဖြစ်ကာ စက်တင်ဘာ(၁၀)ရက်နေ့တွင်လည်း ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေးရွာသို့ ဆက်လက်ကွင်းဆင်း ထိုးနှံသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ စာရေးများ၊ ရပ်/ကျေး စာရေးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်(ပြန်/ဆက်)