တနင်္သာရီမြို့နယ်၌(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆေးထိုးစုရပ်(၅)ခုဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိ

တနင်္သာရီ စက်တင်ဘာ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း လူမျိုး/ဘာသာမရွေး  အသက်(၆၅)နှစ် အထက် အဘိုးအဘွားများ၊ စားသောက်ဆိုင်/ ဈေးဆိုင်ရောင်းချသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များစသဖြင့် ဦးတည်အုပ်စု(၁၂)ခုတို့မှ (ပထမ)အကြိမ်အဖြစ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား (ဒုတိယ)အကြိမ်အဖြစ် ဩဂုတ်လ ၂၉ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဆေးထိုးစုရပ်(၅)ခုခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းမှ ဦးဆောင်ကြီးကြပ်၍  အမက-ချောင်းငယ် ဆေးထိုးစုရပ်တွင် (၄၀)ဦး ကိုလည်းကောင်း၊ အထက-တကူကျောင်း ဆေးထိုးစုရပ်တွင် (၁၈၀)ဦး ကိုလည်းကောင်း၊ အလားတူ မော်တုန်းကျေးရွာအုပ်စု၊ အမက-ဇလုံးရွာဆေးထိုးစုရပ်တွင် (၁၄၀)ဦး ကိုလည်းကောင်း၊  တမုတ်ချုန်းကျေးရွာအုပ်စု-အလက(ခွဲ)ရေဖြူရွာ ဆေးထိုးစုရပ်တွင် (၂၀၀)ဦး ကိုလည်းကောင်း၊  အထက(ခွဲ)မောတောင်မြို့တွင် (၂၁၃)ဦး ကိုလည်းကောင်း ဆေးထိုးစုရပ်(၅)ခုစလုံးမှာ စက်တင်ဘာ(၂)ရက်နေ့က စုစုပေါင်း(၇၇၃)ဦးအား (ဒုတိယ)အကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးမှ ဦးတည်အုပ်စု(၁၂)ခုအား ဦးစားပေး အစီအစဉ်အတိုင်း ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၉ နေ့အထိ (၁၀)ရက် Sinopharm ကာကွယ်ဆေးလုံးရေ (၁၉၅၅)လုံးဖြင့် လူဦးရေပေါင်း (၃၉၁၀)ဦး အား (ပထမ)အကြိမ်အဖြစ် ထိုးနှံပေးထားကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်းထံက သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)