ပူတာအိုမြို့နယ် အထက်ဆန်ဂေါင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ ဆဌမအကြိမ်ပြန် လည်ထုတ်ချေးပေး

ပူတာအို စက်တင်ဘာ ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော  မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်(၉) နာရီခွဲက ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စု အထက်ဆန်ဂေါင်ကျေးရွာ ရ၀မ်နှစ်ခြင်း ဘုရားကျောင်း၌ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က စီမံကိန်းချေး ငွေထုတ်ချေးသည့် အသင်းသားများက အမှန်တကယ် အကျိုးရှိစွာလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ကော်မတီ၀င် များကလည်း အသင်းသားများ အမှန်တကယ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု ရှိ/မရှိ ကြီးကြပ်သွားရန် ဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် တာ၀န်ခံ၀န်ထမ်းများက ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။

မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်  လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း       လုပ်ကိုင်သူ (၄၂)ဦးအတွက် ငွေကျပ် (၁၀၉၅၀၀၀၀)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၂) ဦး အတွက်(၁၁၆)သိန်း၊ အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်သူ (၁၀)ဦးအတွက် (၄၇)သိန်း၊ အသက်မွေး ၀မ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၂)ဦးအတွက် (၄၂၉၀၀၀၀) သိန်း စုစုပေါင်း အသင်းသား(၇၆)ဦး အတွက် (၃၁၅၄၀၀၀၀)သိန်း ထုတ်ချေးပေးခဲ့ပြီး ယင်းချေးငွေဆပ်ကာလမှာ တစ်နှစ်နှင့် ငွေတစ်ရာကျပ်လျှင် အတိုးနှုန်းတစ်ကျပ်ဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာပိုင် မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ်ရရှိနိုင်စေရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ပြီး ယင်းချေးငွေသည် အတိုးနှုန်းသက်သာသဖြင့် ချေးငွေချေးသူ အသင်းသူအသင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)