ကျွန်းစုမြို့တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကျွန်းစု စက်တင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ‌ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည်သူများအား ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက  ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထား‌သော သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ ဈေးရောင်းသူများနှင့် မိသားစုဝင်များအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ကျွန်းစုမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း(၅၅၃၉)ဦး ရှိပြီး ၎င်းတို့အား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ကျွန်းစုမြို့နယ်အတွက် Sinopharm (CHINA) ထုတ် ကိုဗစ် ကာကွယ်ဆေး ၉၉၂ လုံး(တစ်လုံးလျှင် ၅ ယောက်စာ)နှင့် ၅၈၂လုံး(တစ်ယောက်စာ)အတွက် ရရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ၌ ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)