လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှု စုရပ်(၅)ခုတွင် လူဦးရေ(၁၉၇၀)ဦး ထိုးနှံပြီးစီး

လှိုင်းဘွဲ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဩဂုတ်လ(၂၉)ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ ယမန်နေ့အထိ လူဦးရေ (၁၉၇၀)ဦး ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်၊ ရွှေဂွန်နှင့် မြိုင်ကြီးငူ တိုက်နယ်ဆေးရုံရှိ စုရပ်(၅)ခုတွင် ထိုးနှံပေးခဲ့ပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် သံဃာတော်များ၊ (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း Voluteer များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် သတ်မှတ်ချက်နှင့်အညီ ထိုးနှံဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွှန်ချက်နှင့်အညီ ထိုးနှံနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။