ပုလော စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ရှပ်ပုံကျေးရွာအုပ်စုရှိ ဝါးတန်း(မူလွန်)ကျောင်းတွင် တတိယနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်၍ ဒုတိယအကြိမ် ပထမနေ့နှင့် ဒုတိယနေ့တွင် ပုလောမြို့နယ်ခန်းမ၌ ထိုးနှံပေးခဲ့ရာ ကျား (၅၂၈) ဦး၊ မ(၅၂၁) ဦး စုစုပေါင်း (၁၀၄၉) ဦး လာရောက်ထိုးနှံခဲ့ပြီး၊ အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပုလောကုန်းကျေးရွာအုပ်စုရှိ ပုလောကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက်ပိုင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော)