ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ဦးတည်အုပ်စုများအလိုက် ဦးစားပေးအဆင့်များအတိုင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ် ထပ်မံထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀) မှ အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွားများ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၉၀) ဦးကို ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေးများ ထိုးနှံပေးမှုနှင့်ပတ်သက်၍ လာရောက်ဆေးထိုးခဲ့သူ တစ်ဦးဖြစ်သူ ဦးစိန်လှိုင်က “ပထမအကြိမ် ထိုးတုန်း ကလည်း ဘာမှမဖြစ်ဘူး။ နေလို့ကောင်းတယ်။ အပြင်မှာ ကောလဟလတွေကများတော့ ဆေးထိုးရမှာကိုကြောက်ခဲ့တယ်။ ပထမအကြိမ် ထိုးပြီးပြန်တော့လည်း ဒုတိယအကြိမ် မထိုးပေးဘူးလို့ ကြားနေတော့ စိုးရိမ်မိတယ်။ အခုကျတော့ သတ်မှတ်ရက်ပြည့်တာနဲ့ ချက်ခြင်းထိုးရတော့ ဝမ်းသာတာပေါ့ကွယ်။ နောက်တစ်ကြိမ် ပြန်ထိုးပေးရင် တကယ်အဖိုးတန်တဲ့ ဆေးဖြစ်လို့ လက်လွတ်မခံဘဲ ထိုးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးစုရပ်များကို ရန်ကုန်ဘူတာကြီးတွင် ဆေးထိုးအုပ်စု (၁) နှင့် (၂) အဖြစ်ခွဲကာ ထိုးနှံပေးလျက်ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို သြဂုတ်လ (၃၀) ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)