ချင်းရွှေဟော် စက်တင်ဘာ ၃
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးစခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၅၃)ဦးအား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှု စစ်ဆေးရေးဌာန၊ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ ချင်းရွှေဟော်နှစ်နိုင်ငံနယ်စပ်တံတားပေါ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ယမန်နေ့ ညနေပိုင်းအချိန်က မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများက စိစစ်လက်ခံခဲ့ကြောင်းသိရသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သား (၅၃)ဦးသည် တရုတ်နိုင်ငံ၊ ကွမ်းတုံမြို့ရှိ သတ္တုစက်ရုံ၊ ဆေးလိပ်စက်ရုံ၊ ဖုန်းစက်ရုံ၊ ပန်ကာစက်ရုံ၊ အရုပ်စက်ရုံ၊ တုံကွမ်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းစက်ရုံ၊ ဆင်ကျင်းမြို့ရှိဖုန်းအားသွင်းကြိုးစက်ရုံ၊ ရှင်းကျန်းမြို့ရှိစက္ကူစက်ရုံ၊ တီဗွီကာဘာစက်ရုံ၊ ဓာတ်ခဲစက်ရုံ၊ အိမ်အကူလုပ်ငန်း၊ ဖုန်းအားသွင်းကြိုးစက်ရုံ၊ စင်ချင်းပြည်နယ်ရှိ စက္ကူစက်ရုံ၊ စီးကရက်စက်ရုံ၊ စန်းတုံမြို့ရှိကြက်သားစက်ရုံ၊ ကွမ်ကျိုးမြို့ရှိစက္ကူစက်ရုံ၊ ရှန်တုံမြို့ရှိဆောက်လုပ်ရေးလုပ်ငန်း၊ လုံကန်မြို့ရှိအုတ်စက်ရုံ၊ ဟွေ့ကျိုးမြို့ရှိပရိဘောဂစက်ရုံ၊ ထိန်ချုံးမြို့ရှိဆရာမလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်နေထိုင်မှုတို့ဖြင့် ပြစ်ဒဏ်အသီးသီး ကျခံခဲ့သူများဖြစ်ပြီးပြန်လည် လွှဲပြောင်းပေးခြင်း ခံရသူများ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ကျား(၃၇)၊ မ(၁၆)၊ ပေါင်း (၅၃)ဦးအား ချင်းရွှေဟော်မြို့ တာဝန်ခံဆရာဝန် ဒေါက်တာသီဟ နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ စစ်ဆေးချက်အရ ၎င်းတို့မှာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။ ၎င်းနေရပ်ပြန်များတွင် ကိုဗစ်(၁၉)ရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍ ချင်းရွှေဟော်မြို့ အဆုတ်ရောင်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီသို့ စောင့်ကြည့်စစ်ဆေးမှု ခံယူရန် အခြေခံပညာအထက်တန်းကျောင်း Quarantine Centre သို့ ပို့ဆောင်ပေးခဲ့ပြီး စားနပ်ရိက္ခာ ထောက်ပံ့မှု အစီအစဉ်အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကာ ဆေးဝါးထောက်ပံ့မှုများအား ပြည်သူ့ဆေးရုံမှ ထောက်ပံ့လျက် ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကုသရေးဦးစီးဌာနမှ သတ်မှတ်ရက်အတွင်း RDT Test Kit ဖြင့်ထပ်မံရယူ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး Negative ရလာဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည် စေလွှတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)