သင်္ဃန်းကျွန်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်၊ ရေနံသာလမ်းရှိ စည်ပင်သာယာရေးဝန်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ တည်ဆောက်သည့် အောက်ဆီဂျင်ထုတ်စက်ရုံ လည်ပတ်နေမှုအား ယမန်နေ့နံနက် (၈) နာရီအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက စက်ရုံ လည်ပတ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လည်ပတ်လျက်ရှိသော အောက်စီဂျင်စက်ရုံ အနေဖြင့် တစ်နေလျှင် ၄၀ လီတာဆန့် အောက်စီဂျင်အိုး အလုံး (၈၀ မှ ၁၀၀) ထုတ်လုပ်ပေးပြီး အောက်စီဂျင်လိုအပ်လျက်ရှိသော ပြည်သူများ အနေဖြင့် အောက်စီဂျင်လုံလောက်စွာ ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့နောက် မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက အောက်စီဂျင် ထုတ်လုပ်မှုများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
စန္ဒာမိုး(ပြန်/ဆက်)