ဘားအံ စက်တင်ဘာ ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသော ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင် များအား ဆန်များထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းပါဝင်ပြီး နေ့ညမပြတ် ၂၄ နာရီကာလ ပတ်လုံး တာဝန်ထမ်းဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အဆင့်ဆင့်ကို ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အားရ ကျေနပ်မိ ပါကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေး သည် အရေးအကြီးပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ဦးစွာဆောင်ရွက်ပြီးမှ သာလျှင် ကျန်လုပ်ငန်းရပ်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ တပ်မတော်နှင့်လက်တွဲပြီး ကျရာကဏ္ဍ ကျရာတာဝန်များကို ကျေပွန်အောင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြသည့်အတွက် ကရင်ပြည်နယ်အနေဖြင့် တည်ငြိမ် အေးချမ်းမှု ရရှိခဲ့ပါကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး ကိုဗစ်-၁၉ ရောဂါကင်းရှင်းပြီး တိုင်းပြည်တာဝန်ကို ဆထက်ထမ်းပိုး ကြိုးစားထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြည်နယ်အတွင်းရှိ လက်ရုံးရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်က အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ဝင် အိမ်ထောင်စုများအတွက် လည်းကောင်း၊ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တပ်ဖွဲ့ဝင်မိသားစု များအတွက် လည်းကောင်း ဆန်အိတ်များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဆန်များထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် ယနေ့ထောက်ပံ့ ပေးအပ်ပွဲတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကွပ်ကွဲမှုအောက်ရှိ တပ်ဖွဲ့ဝင်၊ မိသားစုဝင်များအတွက် စုစုပေါင်း ငွေကျပ် ၁၅၂၈၂၀၀၀ (တစ်ရာ ငါးဆယ် နှစ်သိန်းရှစ်သောင်းနှစ်ထောင်) တန်ဖိုးရှိ ဆန်အိတ် ၅၅၆ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း