သီပေါ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် Pilot Project အစီအစဉ်အရ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးပေးခြင်းများကို ဩဂုတ်လ ၂၉ ရက်နေ့က စတင်၍နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ယနေ့နံနက်ပိုင်းက သီပေါမြို့ မြရွှေဂူဘုန်းကြီးကျောင်းရှိ ရဟန်း၊ သာမဏေ (၆၂)ပါးကို လည်းကောင်း၊ သိမ်တောင်ဘုန်းကြီးကျောင်းရှိ ရဟန်း၊ သာမဏေ(၃၂)ပါးကို လည်းကောင်း ၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား RDT Test Kit ဖြင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီး ညနေပိုင်းတွင်လည်း သီပေါမြို့ ရွှေဓါးဘုန်းကြီး ကျောင်းရှိ ရဟန်း၊ သာမဏေ(၃၃)ပါးကို ဆက်လက်စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့မှ ဘုန်းကြီကျောင်းများသို့ ပါးစပ်နှာခေါင်စည်း(Mask) ၊ Hand Gel ၊ Hand Spray ဘူးတို့ကို လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသည့်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ နောက်ရက်များ တွင်လည်းကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဆက်လက်၍ သွားရောက် စစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)