ဒလမြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့နံနက် ၉ နာရီက  တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ်ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ကို ထိုးနှံပေးလျက်ရှိသည်။

ဒလမြို့နယ်၌ သြဂုတ်လအတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်တွင်  ကာကွယ်ဆေးအလုံးရေ ၂၆၆၃ လုံး ရရှိမှုကြောင့်  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး မကျန်ရှိစေရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးသူ ၅၃၂၆  ဦးကို ထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။

ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ်ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်၍   ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်(IPRD)