မြစ်သား စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့် "အေဝမ်း" မီးဖိုများ အခမဲ့ ဖြန့်ဝေ ပေးခြင်း ကို ယနေ့နံနက်(၁၀)နာရီက မုန္တောလေးကျေးရွာအုပ်စု၊ မုန္တောလေးကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၊ ဦးစီးအရာရှိဦးအောင်ကျော်စိုးက အဆိုပါကျေးရွာပြည်သူများအား ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စွမ်းအားမြှင့် "အေဝမ်း"မီးဖို ဖြန့်ဝေပေးရခြင်းနှင့်ပတ်သက်၍မြန်မာနိုင်ငံကျေးလက်ဒေသများတွင် လောင်စာ ထင်းသုံးစွဲမှု လျှော့ချလာနိုင်ရေးသစ်တောပြုန်းတီးမှုကာကွယ်ပေးခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများကို ဟန့်တားပေး နိုင်ခြင်း၊ ထင်းကုန်ကျမှု ၄၀ ရာခိုင်နှုန်း သက်သာသည့် အတွက် သစ်တောပြုန်း တီးမှုကိုလျှော့ ချပြီးသားဖြစ်ခြင်း၊ ချက်ပြုတ်ချိန်မြန်ဆန်ခြင်းနှင့် မီးခိုးအထွက်နည်းခြင်း၊ လောင်စာ မျိုးစုံအသုံး ပြုနိုင်ခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေခြင်း စသည့်မီးဖိုသုံးစွဲနည်းနှင့် သတိပြုရမည့် အချက်များအား အသိပညာပေး ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိနှင့်ဝန်ထမ်းများက မုန္တောလေး ကျေးရွာအိမ်ထောင်စု ၄၀ အိမ်အတွက် စွမ်းအားမြှင့်"အေဝမ်း"မီးဖို (၄၀)လုံးနှင့် မီးဖိုသုံးစွဲနည်း လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးအပ်ခဲ့ရာ ကျေးရွာပြည်သူများက လက်ခံရ ယူခဲ့ကြသည်။
မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၈)ရွာအတွက် တစ်ရွာလျှင်စွမ်းအားမြှင့် "အေဝမ်း" မီးဖို(၄၀) လုံးစီဖြင့် စုစုပေါင်း(၇၂၀)လုံးနှင့် မီးဖိုသုံးစွဲနည်းလက်ကမ်းစာစောင်များအား သြဂုတ်လ (၂၉)ရက်နေ့မှ စတင်ကာ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံမှ သိရှိရသည်။
မြမြမွန်(ပြန်/ဆက်)