ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိမြို့နယ်များရှိ အခြေခံလူတန်းစားများအား ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ အဆင်ပြေစွာ စားသုံးနိုင်စေရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်ပြီး စီမံဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်များအတွင်းသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာဖြင့် မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန်က ဦးဆောင်လိုက်ပါလျက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက ရပ်ကွက်များ အတွင်းသို့ သွားရောက်လှည့်လည်ပြီး အိမ်ထောင်စုတစ်စုလျင် ဆန်(၁)ပြည် ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ဆန်(၃)ပြည်အထိလည်းကောင်း ကြက်ဥတစ်လုံးလျင်ငွေကျပ် (၁၀၀)နှုန်းဖြင့် (၁၀)လုံးအထိလည်းကောင်း ကြက်သွန်နီ တစ်ပိဿာလျင် ငွေကျပ်(၃၅၀)နှုန်းဖြင့် (၂)ပိဿာအထိလည်းကောင်း လွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်း လမ်းညွှန်ချက်များနှင့်အညီ ဈေးနှုန်းသက်သာစွာဖြင့် စီမံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး