ထန်းတပင်မြို့နယ် လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းငါးမျိုးစိုက်ထည့်

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်း သို့ ငါးမျိုးများကို စိုက်ထည့်ပေးလျက်ရှိပြီး စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက လှိုင်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခြင်းကြောင့် သဘာဝရေပြင်အတွင်း လျော့နည်း သွားသော ငါးမျိုးများကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကာ ငါးသယံဇာတများလည်း တိုးပွားလာစေမည်ဖြစ်သလို ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် အသား၊ ငါးများလည်း ဖူလုံလာမည်ဖြစ်ကြောင်းသိရပြီး အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုး နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်နှင့် မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ လှော်ကားငါးလုပ်ငန်းစခန်းနှင့်လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတို့မှ စခန်းတာဝန်ရှိသူ များတက်ရောက်ခဲ့ကြပြီး လှိုင်မြစ်အတွင်းသို့ လှော်ကားငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၃)သိန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းမှနှစ်လက်မ အရွယ် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ (၃)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ခြောက်သိန်း တို့ကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)