တိုက်ကြီး စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် အောက်ဆီဂျင်လိုအပ် နေသော လူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် နေ့စဉ် အောက်ဆီဂျင်အိုး (၄၀)လီတာအိုး အလုံး(၅၀)ကို မှော်ဘီ မြို့နယ် မြောင်းတကာသံမဏိစက်ရုံမှ သွားရောက်ထုတ်ယူပြီး အလုံး(၄၀)အား မြို့နယ် ပြည်သူ့ဆေးရုံ ၊ ဥက္ကံတိုက်နယ်ဆေးရုံ၊ အဖျောက်တိုက်နယ်ဆေးရုံ နှင့် တော်လတီတိုက်နယ် ဆေးရုံများသို့ ဖြန့်ဝေပေးပြီး ကျန်(၁၀)လုံးအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တွင် အသင့်ထားရှိကာ အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသော ပြည်သူများအတွက် အခမဲ့ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး လာရောက်ထုတ်ယူသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများ နှင့် အညီ စနစ်တကျဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့များရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူများ အောက်ဆီဂျင်လုံလောက်စွာ ရရှိရေး ၊ အခက်အခဲများဖြစ်ပေါ်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ထံမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)