ဘုရားသုံးဆူ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ (အ.ထ.က) ကျောင်းတွင် ယနေ့ နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး နှင့် ကျေးလက်ကျန်းမာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဦးစီးပေးထိုးသင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (Vero cell)ကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သက်ကြီးဘိုးဘွားနှင့် ဦးစားပေးထိုးသင့်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးရန် ကျန်းမာရေးကောင်းမွန် သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာမြို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တာဝန်ရှိသူများက ဆောင်ရွက်ပေး ခဲ့သည်။
ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်၌ သြဂုတ်လ ၂၉ ရက်နေ့မှ စတင် ထိုးနှံပေးခဲ့ပြီး နေ့စဉ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ဦးရေ (၃၀၀)ဦးခန့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘုရားသုံးဆူ (ပြန်/ဆက်)